detail

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့ပူးပေါင်းအကောင်အထည်ဖော်မည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များကိုရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသည့် မြန်မာပြည်သူလူထုဖြစ်ပေါ်စေရေးအတွက် နည်းပညာပံ့ပိုးမှုစီမံချက်လုပ်ငန်းစတင်ခြင်းအထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

၂၀၁၇ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေပြည်တော်

ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များကိုရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသည့် မြန်မာပြည်သူလူထုဖြစ်ပေါ်စေရေးအတွက် နည်းပညာပံ့ပိုးမှုစီမံချက်လုပ်ငန်းစတင်ခြင်း အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကိုယနေ့နံနက် (၀၉း၃၀)နာရီတွင် နေပြည်တော်၊ Horizon Lake View Resort တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ စီမံချက် လုပ်ငန်းကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)တို့မှ ဦးဆောင်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ပါသည်။ အဆိုပါစီမံချက်လုပ်ငန်းကိုအမေရိကန်ဒေါ်လာ (၇.၅)သန်းဖြင့် (၂၀၁၇)ခုနှစ်မှ (၂၀၂၁)ခုနှစ် အတွင်းအကောင်အထည်ဖော်မည်ဖြစ်ပြီးစီမံချက် စမ်းသပ်ဒေသအဖြစ် ဧရာဝတီတိုင်းဒေသကြီးတွင် လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ပါသည်။  
    စီမံချက်မှ အဓိကရလာဒ်ကြီး (၃)ခုဖြစ်သည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်တို့ကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှုနှင့်စပ်လျဉ်း၍ အစိုးရဌာနဆိုင်ရာဝန်ထမ်းများ၏ စွမ်းဆောင်ရည် တည်ဆောက်ပေးခြင်း၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဘေးဒဏ်ခံနိုင်ရည်ရှိသောရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက် နိုင်စေခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှုများအတွက် ရန်ပုံငွေကြေးနှင့် လိုအပ်သည့် အစီအမံများကြိုတင်စီစဉ် ဆောင်ရွက်နိုင်စေခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် စီမံချက်လုပ်ငန်းအကောင်အထည်ဖော်ခြင်းအားဖြင့် အစိုးရာဌာနများအကြားပူးပေါင်းဆောင်ရွက်မှုကိုပိုမိုခိုင်မာအားကောင်းလာစေမည်ဖြစ်သည့်အပြင်  စီမံကိန်း များကို တစ်သီးတစ်ခြားစီဆောင်ရွက်ခြင်းထက် အဖွဲ့အစည်းအားလုံး၏ ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် ရလဒ်များပေါ်ထွက်နိုင်ရန်  ရည်ရွယ်ပါသည်။ စီမံချက်လုပ်ငန်းမှတစ်ဆင့် နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီးအဆင့် အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိအစိုးရဝန်ထမ်းများအကြားစွမ်းဆောင်ရည် ကွာဟချက်များကို လျှော့ချပေးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။စီမံချက်လုပ်ငန်းစတင်ခြင်းအထိမ်းအမှတ်အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးစိုးအောင် တက်ရောက်အမှာစကားပြောကြားခဲ့ပြီးကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်စီမံချက်လုပ်ငန်းအကောင်အထည်ဖော်မည့်ဦးစီးဌာနအသီးသီးမှ အကြီးအကဲများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်းကိုယ်စားလှယ် (၄၅)ဦးခန့်တက်ရောက်ခဲ့ ကြပါသည်။

 



      Hit Counter :: 31224