detail

စင်္ကာပူနိုင်ငံတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း(၁၀)နှစ်ပြည့်ကာလနှင့် အရှေ့တောင်အာရှဒေသအတွင်း လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများအား ပုံစံသစ်ဖြင့် ပူးပေါင်းဆောင်ရွက်မှု ဆယ်စုနှစ်ညီလာခံသို့ပြည်ထောင်စုဝန်ကြီးတက်ရောက်၍မိန့်ခွန်းပြောကြား

၂၀၁၈ခုနှစ်၊နိုဝင်ဘာလ ၈ ရက်နေပြည်တော်

စင်္ကာပူနိုင်ငံ၊ Hotel Jen Tanglin Singapore တွင်ကျင်းပသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း(၁၀)နှစ်ပြည့် ကာလနှင့်အရှေ့တောင်အာရှဒေသအတွင်း လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများအား ပုံစံသစ်ဖြင့် ပူးပေါင်းဆောင်ရွက်မှု ဆယ်စုနှစ်ညီလာခံ သို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်၍ မိန့််ခွန်းပြောကြားခဲ့ပါသည်။        ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ရသော်လည်း နိုင်ငံအတွက်တန်ဖိုးမဖြတ်နိုင်သော သင်ခန်းစာများရရှိခဲ့ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ အထူးသဖြင့် အာဆီယံနိုင်ငံများ၏ စည်းလုံးညီညွတ်မှုကိုပြသသော AHA Centre (ASEAN Coordinating Centre For Humanitarian Assistance on Disaster Management) ပေါ်ပေါက်လာပြီး ဘေးအန္တရာယ်ကြုံတွေ့ပါက အာဆီယံနိုင်ငံများ ပူးပေါင်းတုံ့ပြန်နိုင်သည့် ASEAN-ERAT (ASEAN- Emergency Response and Assessment Team)ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ယခုအခါ ကမ္ဘာနိုင်ငံများတွင် သဘာဝဘေးသာမက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတို့နှင့်ပတ်သတ်ပြီး ပဋိပက္ခများ၊ ဘေးဒုက္ခများ ကြုံတွေ့နေရကြောင်း၊ ယခု ရခိုင်ပြည်နယ် တွင်ဖြစ်ပေါ်နေသော ဘေးဒုက္ခသည် သိမ်မွေ့နက်နဲပြီး သတိကြီးစွာထား၍ ပူးပေါင်းဖြေရှင်းရမည့် ကိစ္စဖြစ် ကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှု၏ အကူအညီပေးရေးပူးပေါင်း ဆောင်ရွက်မှုပုံစံသစ်ကို ဖော်ဆောင်လျက်ရှိကြောင်း၊ ရခိုင်အရေးနှင့်ပတ်သက်၍ လူသားချင်းစာနာ ထောက် ထားမှုအကူအညီပေးရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်ပဋိပက္ခ ကင်းဝေးရေး၊ ပြည်ထောင်စုစီမံကိန်း(UEHRD)ကို ဖော်ဆောင်လျက်ရှိကြောင်း၊ UEHRDသည် ပုဂ္ဂလိက၊ အစိုးရ၊ လူမှု အဖွဲ့ အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများ အတူတကွပူးပေါင်းဆောင်ရွက်သည့် စီမံကိန်း ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဖြစ်စဉ်များတွင် ထိရောက်သောတုံ့ပြန်မှုများကို ပူးပေါင်း ဆောင် ရွက်ရန် မှန်ကန်သောနည်းလမ်းများကို ရွေးချယ်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသူများကို ပြန်လည်လက်ခံရေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူ ညီချက်များ ချမှတ်ထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်နည်းလမ်းများကို ဖော်ထုတ်ထားရှိပြီးဖြစ်ကြောင်း၊ UNHCR, UNDPအဖွဲ့အစည်းများနှင့်လည်း သဘောတူလက်မှတ်များရေးထိုးပြီးဖြစ်၍ ပူးပေါင်း အကောင် အထည်ဖေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းများသည် အကောင် အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ စီမံချက်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ UEHRD၏ Private, Public, Partnership(P.P.P) လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ အာဆီယံ နိုင်ငံအသီးသီး၏ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည့်ကဏ္ဍများတွင် ချိတ်ဆက်အကောင် အထည်ဖေါ် ခြင်းဖြင့် ရခိုင်ဒေသတွင် တည်ငြိမ်အေးချမ်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတ က်မှုရရှိအောင်ဆောင်ရွက်နိုင် မည်ဖြစ် ကြောင်းပြောကြားခဲ့ပါသည်။    အဆိုပါညီလာခံသို့ စင်္ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ဆွီဒင်နိုင်ငံသံရုံးနှင့် ဖင်လန်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ နန့်ယန်တက္ကသိုလ်မှ ပါမောက္ခများနှင့် သုတေသန အရာရှိများ၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ညီလာခံကို နိုဝင်ဘာ(၈)ရက်မှ (၉)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။                    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဖင်လန်နိုင်ငံသမ္မတဟောင်း H.E. TARJA HALONEN နှင့် စင်္ကာပူနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီး H.E. Paula Parviainen တို့က တည်ခင်းဧည့်ခံသော နေ့လည်စာကို စင်္ကာပူနိုင်ငံဆိုင်ရာ ဆွီဒင် သံအမတ်ကြီး Mr. Niclas Kvamstrom၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ စေ့စပ်ညှိနှိုင်းရေးဆိုင်ရာအကြံပေးအဖွဲ့ဝင် Dr. Noeleen Heyzer ၊ဖိတ်ကြားထားသောတာဝန်ရှိသူတို့နှင့်အတူ သုံးဆောင်ခဲ့ပါသည်။ ထို့နောက် ညီလာခံတွင် ဆက်လက်ကျင်းပလျက်ရှိသော မျက်မှောက်ခေတ် ရှုပ်ထွေးသော ပြဿနာအခြေအနေများနှင့် လူသားချင်း စာနာမှုအကူအညီပေးရေး အတွေ့အကြုံများ ကဏ္ဍဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 



      Hit Counter :: 31323