detail

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသားများ၊ ဒေသခံပြည်သူများအားပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသွားရောက်ထောက်ပံ့

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်စစ်တွေမြို့

   လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနညွန်ကြားရေး မှူးချုပ်တို့လိုက်ပါလျက်ယနေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများကြောင့် ဘေးဒုက္ခခံစား နေရသောရခိုင်တိုင်းရင်းသားများ၊ဒေသခံပြည်သူများအားသွားရောက် ထောက်ပံ့ခဲ့ပါသည်။    
   ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကိုရခိုင်ပြည်နယ် အစိုးရဖွဲ့ရုံးတွင် ယနေ့ညနေပိုင်းကကျင်းပ ပြုလုပ် ရာ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကပြည်ထောင်စုအစိုးရအနေဖြင့် ပြည်ထောင်စု၏ မိသားစုဝင်ဖြစ်သော  ရ ခိုင်တိုင်းရင်းသားများ၊ ဒေသခံပြည်သူများ၊ ဒုက္ခခံစားနေရချိန်တွင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ တို့ပူးပေါင်းပြီးအလျင်အမြန် တုံ့ပြန်ကူညီမှုပြုရန်လိုအပ်သည့်အတွက် တိုက်ပွဲရှောင်ဒုက္ခခံစားနေရသော ဒေသခံ ပြည်သူများအတွက် အရေးပေါ်လိုအပ်ချက်များကိုဖြည့်ဆည်းခဲ့ပါကြောင်း၊ စနစ်တကျ ပြန်လည်နေရာချ ထား ခြင်း မပြုနိုင်သေးမီလိုအပ်ချက်များစွာရှိသည်ကိုနားလည်သိရှိပါကြောင်း၊ ယခုလိုလိုအပ်သောအချိန်တွင် ပြည်သူ့လိုအပ်ချက်များဖြည့်ဆည်းပေးရန်လာရောက်ခြင်းဖြစ်ပါကြောင်း၊ ရိက္ခာများ၊ ငွေကြေးနှင့်အတူထောက်ပံ့ ပစ္စည်းများပေးအပ်မည်ဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသားများ၊ ဒေသခံပြည်သူများထံလက်ဝယ် အရောက် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံ များ၏ဒုက္ခခံစားရမှုများ၊ စိုးရိမ်ပူပန်များကိုဘယ်တော့မှပေါ့ပေါ့တန်တန် သဘောမထားပါကြောင်း၊ မေတ္တာ တရားကိုအခြေခံပြီးကြိုးစားဖြည့်ဆည်းဆောင်ရွက်နေပါကြောင်း၊ အပြန်အလှန်ပွင့်လင်းမြင်သာမှုဖြင့် ယုံကြည် မှုရှိရှိလက်တွဲဆောင်ရွက်ကာနိုင်ငံတော်နှင့် ပြည်ထောင်စု၏ မိသားစုဝင် တိုင်းရင်းသားများ၊ ဒေသခံပြည်သူ များရေရှည်ကောင်းကျိုးရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးကဘေးဒုက္ခ ခံစားနေရသောတိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသား များ၊ဒေသခံ ပြည်သူများစုစုပေါင်းလူဦးရေ (၄၄၇၀) အတွက် ဆန်ရိက္ခာ (၁) လစာငွေကျပ် (လေးရာ့ နှစ်သိန်းသုံးသောင်း)၊ အိမ်ထောင်စု (၉၇၀) စုအတွက် မြက်ဖျာနှင့်စောင်တန်ဘိုးငွေကျပ် (ကိုးဆယ့် ကိုးသိန်းကိုးသောင်းတစ်ထောင်) ကိုထောက်ပံ့ပေးအပ်ရာရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်တိုက်ပွဲရှောင်ပြည်သူများကလက်ခံ ရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်မြို့နယ်များရှိတိုက်ပွဲရှောင်ပြည်သူများသို့စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်း များ အတွက် ငွေကျပ် (နှစ်ရာခုနစ်ဆယ့်တစ်သိန်းကိုးသောင်းကိုးထောင့် ငါးဆယ်)ကိုကနဦးထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ထောက်ပံ့ငွေစုစုပေါင်းမှာကျပ် (ခုနှစ်ရာခုနစ်ဆယ့် လေးသိန်းနှစ်သောင်းငါးဆယ်) တိတိဖြစ်ကြောင်းသတင်း ရရှိ ပါသည်။   



      Hit Counter :: 31346